International News

ထိုင်းနိုင်ငံ ကုန်သွယ်ရေးဉီးစီးဌာနမှ ပြည်ပသို့ဝက်သားတင်ပို့မှုအားကန့်သတ်

Last Updated:

ပြည်တွင်းဝယ်လိုအားနှင့် တရုတ်နှင့်အိမ်နီးချင်းနိုင်ငံများသို့ ဝက်သားတင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် ဝက်သားလက်လီဈေးနှုန်းသည် (၁၀) နှစ်တာကာလအတွင်း တစ်ကီလိုဂရမ်လျှင် ဘတ်ငွေ (၁၇၀-၁၈၀) သို့ မြင့်တက်ခဲ့ပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ကုန်သွယ်ရေးဉီးစီးဌာနမှ ပြည်ပသို့ ဝက်သား တင်ပို့မှုကို ကန့်သတ်ရန်ရည်ရွယ်ထားပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမည်မဖေါ်လိုသူတစ်ဉီး၏ ပြောကြားချက်အရ ဝန်ကြီးဌာနအနေဖြင့် ဒေသများစွာတို့တွင် ဝက်သားဈေးနှုန်းများ အဆက်မပြတ် မြင့်တက်နေခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုထံမှတိုင်ကြားစာ များစွာလက်ခံရရှိခဲ့သည်ဟုဆိုပါသည်။ ယခုနှစ်အစောပိုင်းက ဌာနအနေဖြင့် ဝက်သား တင်ပို့သူအုပ်စုနှင့် သဘောတူညီချက်အရ ဝက်သားတစ်ကီလိုလျှင် ဘတ် (၈၀) ထက်ကျော်လွန်ပါက ပြည်တွင်းဈေးနှုန်းသက်ရောက်မှုအပေါ် တားဆီးနိုင်ရန် ဝက်သား ပြည်ပတင်ပို့မှုကို ကန့်သတ်မည်ဖြစ်ကြောင်း သဘောတူညီခဲ့ပါ သည်။

မွေးမြူရေးခြံများမှ ဝက်သားတစ်ကီလိုလျှင်ဘတ်ငွေ(၈၆-၈၇)ဖြင့် ရရှိကြပြီး ၎င်းမှာ ယခုနှစ်အစောပိုင်းက တစ်ကီလိုလျှင်(၇၅)ဘတ်ဈေးမှ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဝက်သားလက်လီ ဈေးနှုန်းမှာ ယခင်က တစ်ကီလိုလျှင် ဘတ်ငွေ(၁၅၀-၁၆၀)မှ ယခု(၁၇၀-၁၈၀)အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ သတင်းရင်းမြစ်အရ ပြည်တွင်းနှင့် ပြည်ပဝယ်လိုအားမြင့်တက်မှုကြောင့် မွေးမြူရေးခြံများမှ ဝက်သားတစ်ကီလိုလျှင်ဘတ်ငွေ(၉၀)အထိမြင့်တက်နိုင်ကြောင်း သိရှိရပါသည်။

ဝက်သားဈေးနှုန်းသိသိသာသာမြင့်တက်သွားခြင်းသည် ပြည်တွင်းဝယ်လိုအားမြင့်တက်ခြင်း၊ စီးပွားရေးလှုပ်ရှားမှုများမြင့်တက်လာခြင်းနှင့် ကျောင်းများပြန်ဖွင့်ခြင်း တို့ကြောင့် ဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောကြားခဲ့ပါသည်။ မိုးခေါင်ခြင်းကြောင့် ဝက်များ၏ ကြီးထွားနှုန်းကိုထိခိုက်စေရုံသာမကဘဲဝက်များ၏ ဘဝများကိုပါ ထိခိုက်စေခြင်းကြောင့် ဝက်သားထောက်ပံ့ဖြည့်ဆည်းမှု (Supply) ကို သိသိသာသာကျဆင်းသွားစေခဲ့ခြင်းဖြစ်ပါသည်။

ထို့အပြင် တရုတ်၊ လာအို၊ ဗီယက်နမ်နိုင်ငံများတွင်ပျံ့နှံ့နေသည့် ဝက်တုတ်ကွေးရောဂါသည်လည်း ဝက်သားဝယ်ယူတင်သွင်းမှုကိုမြင့်တက်စေခဲ့ခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် အဆိုပါ (၃) နိုင်ငံသို့ တစ်နေ့လျှင် ဝက် (၆,၀၀၀) မှ (၈,၀၀၀)အထိ တင်ပို့ခဲ့ပါသည်။ ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် ဝက်ကောင်ရေ စုစုပေါင်း (၂၂) သန်းခန့် ထုတ်လုပ်နိုင်ပါသည်။ ယခင်နှစ်က ထိုင်းနိုင်ငံသည်ဝက်ကောင်ရေ (၄၀၀,၀၀၀၅၀၀,၀၀၀)အထိ ပြည်ပသို့တင်ပို့ခဲ့ပါသည်။ပြည်တွင်း ဝက်သားထောက်ပံ့မှု လုံလောက်စေရန်ဌာနအနေဖြင့် ဝက်သားပြည်ပတင်ပို့သူများနှင့် ယခင်က သဘောတူထားသည့်အတိုင်း ဝက်သားပြည်ပတင်ပို့မှု ကန့်သတ်ချက်အစီအမံကို အသုံးပြုရန် စီစဉ်လျှက်ရှိကြောင်း ပြည်တွင်းကုန်သွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Wattanasak Sur-iam က ပြောကြားခဲ့ပါသည်။

ဝက်သားဈေးနှုန်းလျှော့ချနိုင်ရန်အတွက် အာဏာပိုင်များအနေဖြင့် လက်လီရောင်းချသူများနှင့်ပူးပေါင်းဆောင်ရွက်သွားလိမ့်မည်ဖြစ်ပါသည်။ စားသုံးသူများကို ဝယ်ယူ နိုင်သည့် ဝက်သားဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်ဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိစတိုးဆိုင်များ၊ Blue Flag low Prices Shops ဆိုင်များနှင့် အတူတစ်ကွ လက်တွဲ လုပ်ဆောင်ရန်ကတိပြုခဲ့ပါသည်။

 

Source:Bangk Post

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News